ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းမယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။
ရေတစက် ရေတခွက်မျှ
လက်ကမ်းသူ မရှိ၊
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ။
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။
ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့ လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့ မရ
ဒုက္ခကို အရင်းအနှီး ပြုပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
လျှောက်စို့ အဟုတ်လှမ်း
တို့စခန်း မြင်ရပြီ မဟုတ်လား။ ။
မူရင်း-တင်မိုးကဗျာပေါင်းချုပ်(1999)