ကမ်းပြိုင်


ဘ၀ပြသနာကို
ပေစာထုပ်နဲ့ စာအုပ်တွေထဲမှာ
အဇြေရှာတတ်တဲ့ သုခမိန်တွေကို
စိန်ခေါ်ခဲ့တဲ့ ပုဂံဈေး လုလင်ပျိုအကြောင်း
စာဆိုဇော်ဂျီက ဖွဲ့ဆိုခဲ့ဖူးပါတယ်။

နေရာတိုင်းမှာ လက်တွေ့နဲ့မချိန်တဲ့
သုခမိန်တွေ အများကြီးပါ။

ကျမ်းကိုး ကျမ်းကားတွေနဲ့
ခမ်းနား သာယာနေတတ်သူတွေ
မျက်မြင်မှာ ဥာဏ်မတွဲနိုင်ဘဲ
တကြောင်းဆွဲ တပိုင်းကြောင်
လက်မ တထောင်ထောင်နဲ့ နေတဲ့သူတွေ
နေရာတကာမှာ
လူစွာလုပ် လူဟုတ် ဖြစ်နေကြပါသတဲ့။

ဒါပေမယ့်
စာနယ်ချဲ့တတ်တဲ့ သီအိုရီသမားကို
မထီလေးစားတော့ မလုပ်လိုက်နဲ့။
ဒီသုခမိန်တွေ ရှိပေလို့
စာသိတွေ ကျယ်ဝန်း
စာညွှန်းတွေ ရှာဖွေ
စာပေသုတ ပွားရတဲ့ကျေးဇူးလဲ ရှိပေရဲ့။

သူတို့ စကားတွေက
ကျမ်းနားက မခွာ၊ ကျမ်းစာနဲ့ မဝေး
ကျမ်းလေးတယ် ထင်ရသော်လဲ
အပြစ်ကင်းစင်တဲ့ ပညာရှင်တွေပါပဲ။

ကျမ်းလဲ ကျမ်းလျောက်
လမ်းပေါက်ပါစေ။
လက်တွေ့ လမ်းခွင်၊ ကျွမ်းကျင်သူတွေလဲ
ဆင်ခြင်တုံ ဥာဏ်နဲ့ချင့်ပြီး
လမ်းပွင့်ပါစေ။

လမ်းတိုင်ကောင်းမယ် မဟုတ်လား။ ။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com