ဆေးတစ်ခွက်


မြန်မာ့သွေး ပြဖို့အရေး
ရာဇ၀င်ပေါင်းများစွာနဲ့
ငါတို့ သေခဲ့ဘူးတယ်။

ငါတို့
ရှင်သန်ရဦးမယ်။

ငါတို့
မသွားချင်လည်း သွားရဦးမယ်
ဆေးတစ်ခွက်အတွက်
သွေးတစ်စက်နဲ့လဲမယ်
သုညမှာလည်း တန်ဖိုးရှိပါတယ်။

ဘယ်သွားမလဲ ဘာလုပ်မလဲ
ဘာအတွက်စားမလဲ
ဘယ်သူ့အတွက်သောက်မလဲ။

အပြုံးမှာ အမုန်းရှိတယ်
မျက်လုံးနဲ့စဉ်းစားပြီး
ပါးစပ်နဲ့ မကြည့်ချင်နဲ့
သေရဲလား သတ်ရဲလား။

ဘယ်လိုရှင်သန်နေလဲ
ဘာအတွက်ရှင်သန်နေတာလဲ
အဆိပ်ကို အဆိပ်နဲ့ပဲဖြေလို့ရတယ်။

မပူပါနဲ့ သူငယ်ချင်း
သေရင်မြေကြီးထဲမှာ ချော့သိပ်ပေးမယ်
ဒါမှမဟုတ်
အတူတူအိပ်ကြတာပေါ့။

သင်ဟာလူသား စင်စစ်ယောက်ျား
နေ၀င်ချိန်ကို မကြည့်ချင်နဲ့
လမိုက်ညကို ဘယ်လိုဖြတ်သန်းမလဲ။
ဆေးတစ်ခွက်အတွက်
သွေးစက်တွေလိုနေတယ်။

ဓားသွားအပေါ်မှာ
ကောင်းကင်ဘုံ တစ်ဘုံရှိတယ်
အဆုံးဟာ အစရဲ့ နိဒါန်းပဲ။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com